Home > သတင်းနည်းပညာ > ၂၁ ရာစု ဆိုင်ဘာ စစ်ဗျူဟာ၏ ၀ိသေသ လက္ခဏာများ

၂၁ ရာစု ဆိုင်ဘာ စစ်ဗျူဟာ၏ ၀ိသေသ လက္ခဏာများ

စားဝတ်နေမှုအဝဝကို ကွန်ပျူတာဖြင့် ထိန်းချုပ် စေစားနေသော ခေတ်ကာလတွင် ထိုကွန်ပျူတာစနစ် တိုက်ခိုက်ခံရမည်ဆိုပါက –

လေကြောင်းအချက်ပြ ဆက်သွယ်ရေး ပြတ်တောက်ပျက်စီးသွား ခြင်းကြောင့်၊ လေယာဉ်များ ဝေဟင်တွင် တိုက်သူကတိုက်။ အတက် အဆင်းတွင် မျှော်စင်တိုင်၊ မိုးမျှော် အဆောက်အအုံတို့နှင့် ဝင်တိုက်သူ ကတိုက်။ အတုံးအရုံး ပျက်ကျကုန်သည်။ မီးလောင်နေသော လေယာဉ်များမှ မီးတောက်မီးလျှံနှင့် မီးခိုးလုံးတို့သည် ကောင်းကင်တစ်ပြင်လုံး ပြည့်နှက်လျက်။

တစ်ပြည်လုံးရှိ ရေကာတာများ၏ ကွန်ပျူတာထိန်း ရေတံခါးများသည် လည်းထိန်းမရတော့ဘဲ ဖွင့်ချလိုက်ကြသဖြင့် လူနေအိမ်ခြေ အများအပြား ရေအောက်ရောက်ကုန်သည်။ ကယ်ဆယ်ရေး ရဟတ်ယာဉ်များသည် အဆက်အသွယ် ပြတ်တောက်နေမှု ကြောင့် မြေပြင်မှ ပျံမတက်နိုင်ကြ။ ထိန်းမနိုင်သိမ်းမရဖြစ်ကုန်သော ဓာတု ပစ္စည်းစက်ရုံများလည်း ဆက်တိုက် ဆိုသလိုပေါက်ကွဲနေသည်။ ပေါက်ကွဲ မှုမှထွက်လာသော အဆိပ်သင့်ဓာတ် ငွေ့ကြောင့် မြို့ရွာများတွင် လူသေ အလောင်းများထပ်ကုန်သည်။ အနုမြူ ဓာတ်ပေးစက်ရုံတို့မှ အန္တရာယ်အချက် ပေးဥသြသံ တညံညံ ထွက်ပေါ်နေသည်။ အေးခဲသော ညမှောင်အောက် တွင် အသက်ရှင်ကျန်နေသူများသည် မီးမရှိ၊ ရေမရှိနှင့် အတိဒုက္ခ ရောက်နေကြသည်။

၂၁ ရာစု စစ်တလင်းတွင် ဆိုင် ဘာစစ်ဆင်ရေးကြောင့် ဖြစ်ပေါ်လာမည့် ပျက်စီးဆုံးရှုံးမှုများ၏ မြင်ကွင်း ဖြစ်သည်။ ထိုဆိုင်ဘာစစ်ပွဲသည် မဖြစ်ပွားသေး။ သို့သော် ဖြစ်လာပါ က မည်သို့ရှိမည်ကို သိပ္ပံပညာရှင်များ၏ မှန်းဆထားချက်သာဖြစ်သည်။ ဆိုင်ဘာစစ်ပွဲသာ ဖြစ်ပွားခဲ့ပါက အဖျက်စွမ်းအား အပြင်းဆုံးဆိုသည့် ညူလက်နက်ထက်ပင် ပျက်စီးဆုံးရှုံး မှု များပြားပေလိမ့်မည်။

စားရေရိက္ခာသည် လူအသက် ရှင်ရပ်တည်ရေး၌ မရှိမဖြစ်။ ထို့ကြောင့် စစ်ပွဲဟူ၍ စတင်ပေါ်ပေါက် ကတည်းက စားရေရိက္ခာကို အလုံ ခြုံဆုံးနေရာတွင် သိုမှီးထားတတ်ကြ သည်။ အလယ်ခေတ်တွင် ရဲတိုက် အတွင်း အလုံခြုံဆုံးနေရာ၌ အစောင့် အကြပ်ထူပြောစွာဖြင့် သိမ်းဆည်းထား ကြသည်။ ထိုခေတ် ထိုအခါက စား ရေရိက္ခာကိုသိမ်းပိုက်ခြင်း ဖျက်ဆီး ခြင်းဖြင့် အနိုင်ရယူရန် ကြိုးပမ်းကြ သည်။

ယနေ့စစ်ပွဲတွင် ရန်သူက သိမ်းပိုက်ဖျက်ဆီးခြင်း မခံရစေရန် ဦးစား ပေးကာကွယ်ရမည့်ပစ္စည်းများမှာ မဟာလျှပ်စစ်ဓာတ်အားလိုင်း၊ ဆက် သွယ်ရေး၊ ရေအရင်းအမြစ်နှင့် ငွေကြေးအဖွဲ့ အစည်းများ၏ ကွန်ရက်များ ဖြစ်လာသည်။ အင်တာနက်မှတစ် ဆင့်ဝင်ရောက်ကာ ၂၁ ရာစု၏ ထို အသက်သွေးကြောများကို ဖျက်ဆီးထိပါးခြင်း မခံရစေရန်မှာ အရေးအကြီးဆုံး ကာကွယ်ရေး တာဝန်တစ်ရပ် ဖြစ်လာသည်။

အင်တာနက်မှ ဝင်ရောက်တိုက်ခိုက်ခြင်း – Cyber Attack သည် အကောင်အထည် မမြင်ရသော တိုက်ခိုက် မှုမျိုးဖြစ်သည်။ မျက်စိဖြင့်မမြင်နိုင်သော်လည်း ထိုဝင် ရောက်တိုက်ခိုက်မှုသည် တစ်တိုင်းပြည်လုံးကို ဗုန်းဗုန်း လဲသွားစေနိုင်သည်။ အမေရိကန် ပင်တာဂွန်စစ်ဌာနချုပ် သည် ရန်သူ၏ဆိုင်ဘာကျူးကျော်မှုကို တရံမလပ်စောင့် ကြည့်နေသည်။ ဝင်ရောက်ကျူးကျော်မှုသည် အဖျက်စွမ်း အားကြီးမားပါက ကျူးကျော်မှု အရင်းခံနေရာအား စစ်ရေးအရ တိုက်ခိုက်နိုင်ရန် ကမ္ဘာအရပ်ရပ်တွင် ဖြန့်ကြက် ထားသော ဒုံးကျည်များက အရန်သင့်ရှိနေသည်။

အမေရိကန်၏ ဆိုင်ဘာစစ်ပွဲအတွက် ပြင်ဆင်နေ မှုများသည် အများသိထားသည်ထက် များစွာကြီးမား ကျယ်ပြန့်သည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြသည်။
အနာဂတ် စစ်ပွဲများတွင် ဆိုင်ဘာတိုက်ခိုက်မှုသည် မလွဲမသွေပါဝင်လာမည်ဖြစ်သည်။ ဆိုင်ဘာတိုက်ခိုက် မှုကြောင့် စီးပွားရေး၊ စစ်ရေးဆိုင်ရာ ပျက်စီးမှုသည် ညူဗုံးထက် အဆများစွာ ပိုလိမ့်မည်။ အမေရိကန် ကာကွယ်ရေးဌာန ဒုတိယဝန်ကြီး ဝီလီယံလင်းက နိုင်ငံခြား ထောက်လှမ်းရေး အဖွဲ့အစည်းပေါင်း တစ်ရာ ကျော်သည် အမေရိကန် ကာကွယ်ရေးဌာန ဆက်သွယ် ရေးကွန်ရက်အတွင်း ထိုးဖောက်ဝင်ရောက်ရန် ကြိုးစားလျက်ရှိပြီး၊ ထိုထောက်လှမ်းရေး အဖွဲ့အစည်းများသည် အမေရိကန်၏ ကွန်ရက်ကို အထိနာစေ နိုင်လောက်သော စွမ်းပကားမျိုးရှိနေသည်ဟု ဆိုသည်။ ၂ဝဝ၈ ခုနှစ် တစ်နှစ် အတွင်းမှာပင် အမေရိကန် အစိုးရ ဌာနများ၏ ကွန်ပျူတာ ကွန်ရက်အတွင်းသို့ ကျူးကျော်ဝင်ရောက်မှုပေါင်း တစ်သောင်းရှစ်ထောင်ကျော် ရှိခဲ့သည်ဟုဆိုသည်။

ထိုအရေအတွက်သည် ၂ဝဝ၆ ခုနှစ် ထိုအရေအတွက်သည် ၂ဝဝ၆ ခုနှစ်တွင် ထိုးဖောက်ဝင်ရောက်ခဲ့သော အရေအတွက်ထက် သုံးဆ ပိုများလာ သည်ဟုဆိုသည်။

အမေရိကန် စစ်သားများ၏ ကိုယ်ရေးအချက် အလက်များ၊ လေကြောင်းထိန်းသိမ်းရေးအချက် အလက်နှင့် တိုက်လေယာဉ်စီမံကိန်း အချက်အလက်များကို တရုတ်နှင့် ပါကစ္စတန်မှ ကွန်ပျူတာ ဟက်ကာများက ၂ဝဝ၉ ခုနှစ် အောက်တိုဘာလ အတွင်းက ခိုးယူသွားခဲ့သည်ဟု ဝါရှင်တန်ပို့စ် သတင်းစာက ဖော်ပြသည်။ ၂ဝဝ၈ ခုနှစ် စက်တင်ဘာလ အတွင်း အမေရိကန် ငွေကြေးဈေးကွက်မှ ဒေါ်လာသန်း ၅၅ဝ ကို ကွန်ပျူတာအတွင်း ထိုးဖောက်ဝင် ရောက်ကာ နှစ်နာရီအတွင်း ခိုးထုတ်သွားခြင်းကိုလည်း ခံခဲ့ရသည်။ ယင်းသို့ ထိုးဖောက်ဝင်လာသည်ကို သိလျင်သိချင်း ဘဏ္ဍာရေး ဌာနက ကွန်ပျူတာကို ပိတ်လိုက်ရသည့်။ ထိုသို့ ကွန်ပျူတာကို အချိန်မီ မပိတ်နိုင်ခဲ့လျှင် ဒေါ်လာ သန်းငါးထောင်ကျော်မျှ ပါသွားနိုင်သည်ဟု ဆိုသည်။

၂ဝဝ၆ ခုနှစ်မေလ တစ်ခုသော ညနေခင်း။

အရှေ့အာရှ တစ်နိုင်ငံရှိ အမေရိကန် သံရုံးဝန်ထမ်း တစ်ဦးသည် သူထံသို့ ရောက်လာသော အီးမေးလ်တစ်စောင်ကို ကလစ်လုပ်ပြီး ဖွင့်လိုက်သည်။ ထိုအီးမေးလ်ထဲတွင် ပါသော ကွန်ပျူတာ ဗိုင်းရပ်စ်ပွင့်သွားပြီး တစ်မုမဟုတ် ချင်းပျံ့နှံ့ကာ ဝါရှင်တန်ရှိ အမေရိကန် နိုင်ငံခြားရေး ဌာနအထိသို့ပင် ရောက်သွားသည်။ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဆိုင်ဘာတန်ပြန်ရေး အဖွဲ့သည် နှစ်ဆယ့်လေးနာရီ ပတ်လုံး နှစ်ပတ်ကြာမျှ ဗိုင်းရပ်စ်ကို ဖယ်ရှားရသည်။

ယခင်ဆိုရှယ်လစ် အရှေ့ဥရောပ နိုင်ငံများမှ ဟက်ကာများသည် အမေရိကန် နိုင်ငံရှိ အလတ်စားနှင့် အငယ်စား လုပ်ငန်းများကို ပစ်မှတ်ထားကာ ထိုးဖောက်လျက် ရှိသည်။ ဘဏ်လုပ်ငန်းနှင့် အကြွေးကတ်ပြား လုပ်ငန်းရှင်များအဖို့ အတော်ပင် သတိထား လုပ်ကိုင်နေကြရသည်။ ၂ဝဝ၉ ခုနှစ် ပထမ ခြောက်လပိုင်းတွင် အမေရိကန် ဘဏ္ဍာရေး အဖွဲ့အစည်းများ၏ ငွေလွှဲခြင်းတွင် ဟက်ကာများ ထိုးဖောက် ဝင်ရောက်မှု တိုးတက်များပြား လာသည်ဟု ရိုက်တာသတင်း တစ်ရပ်က ဖော်ပြသည်။ လုပ်ငန်းအငယ်များကို ထိုးဖောက်ဝင်ရောက်ခြင်းသည် ရုတ်တရက် သိရှိရန် မလွယ်ကူခြင်း၊ ဆုံးရှုံးနစ်နာရသော အဖွဲ့အစည်း အနေဖြင့်လည်း လူသိမခံလိုခြင်းကြောင့် ဟက်ကာများ မျက်စိကျစရာ ဖြစ်နေသည်။ မိမိဘဏ် အလိမ်ခံရသည်၊ ငွေကြေးများ လိမ်ထုတ်ခံနေရပါသည်ဟု မည်သည့် ဘဏ်လုပ်ငန်းရှင်ကမျှ ထုတ်ဖော်ဝန်ခံခြင်း မပြုလိုကြ။

မည်မျှပင် ဖုံးကွယ်လိုသည် ဖြစ်စေ ထိုဖြစ်ရပ်များသည် မီဒီယာများတွင် တစ်စတစ်စ ပေါ်လာနေသည်။ ၂ဝဝ၉ ခုနှစ်ဇူလိုင်တွင် ပစ္စဘတ်ရှိ ကျောင်းတစ်ကျောင်း၏ ဘဏ်စာရင်းမှ ဒေါ်လာခုနှစ်သိန်း လိမ်ထုတ်ခံရသဖြင့် ကျောင်းကဘဏ်ကို တရားစွဲ ထားသည်။ တက္ကဆပ် ကုမ္ပဏီတစ်ခု၏ ငွေစာရင်းမှ ဒေါ်လာ ၁.၂ သန်း ထုတ်ယူခံရသည်။ လျှပ်စစ်ကိရိယာ ရောင်းချသော ကုမ္ပဏီမှ ဒေါ်လာတစ်သိန်းလည်း လိမ်ထုတ်ခံခဲ့ရသည်။

ဆိုင်ဘာတိုက်ခိုက်မှုများ တိုးတက်များပြား လာသည့်အတွက် ကွန်ရက် လုံခြုံရေး ကျွမ်းကျင်သူ၊ အုပ်ချုပ်သူ၊ ပေါ်လစီ ရေးဆွဲသူ အများအပြား လိုအပ်လာသည်။ အရည်အချင်း ပြည့်မီသူ နည်းပါးသည့်အတွက် အစိုးရ အေဂျင်စီများနှင့် စီးပွားရေး လုပ်ငန်းများက အပြိုင်အဆိုင် အလုပ်ခေါ်ယူ နေကြသည်။ ထို့အတွက် ကျွမ်းကျင်သူများ၏ လစာမှာလည်း မြင့်တက်လာသည်။

နောက်ကြောင်း ကင်းရှင်းပြီး Security Clearance ကွန်ရက်လုံခြုံရေး လုပ်သက်သုံးနှစ် ရှိသူသည် လစာ ဒေါ်လာတစ်သိန်းကျော် ရသည်ဟု ဆိုသည်။ ပုဂ္ဂလိကပိုင်းက လခ အပြိုင်အဆိုင် ပေးခေါ်ယူနေသဖြင့် လုပ်သားများသည် မကြာခဏ အလုပ်ပြောင်းကြသည်။ ထို့အတွက် လုပ်ငန်းနှောင့်နှေးမှု ဖြစ်လာသည်။
ဘဏ်များ တညီတညာတည်း ကျင့်သုံးနေသည့် ဥပဒေ တစ်ရပ်ကြောင့်လည်း လုပ်ငန်းငယ်များသည် ဟက်ကာများ၏ သားကောင် ဖြစ်ရသည်ဟု ဆိုသည်။ လူတစ်ဦးချင်း ငွေစာရင်းမှ ငွေကို လိမ်လည်ထုတ်ယူ ခံရပါက၊ ယင်းသို့ ဆုံးရှုံးသွားသည့် ငွေကို ဘဏ်ကပေးလျော်ရန် တာဝန်ရှိသည်။ သို့သော် ကော်ပိုရိတ် စီးပွားရေး လုပ်ငန်း ငွေစာရင်းမှ ဆုံးရှုံးသွားလျင်မူ ဘဏ်၌တာဝန် မရှိပေ။

ထို့ကြောင့် ဘဏ်များသည် လူတစ်ဦးချင်း၏ ငွေစာရင်းကို လုံခြုံ သေချာသော နည်းဖြင့် ငွေကုန်ကြေး ကျခံကာ အကာအကွယ် လုပ်ထားသည်။ လုပ်ငန်းငွေ စာရင်းများကို ထိန်းသိမ်းရာတွင်မူ တစ်ဦးချင်း ငွေစာရင်းလောက် ကာကွယ်မှု လုပ်မထားဟု ဆိုသည်။

တစ်ဦးချင်း ဘဏ်စာရင်း ငွေလွှဲ ပြောင်းမှုသည် စီးပွားရေး လုပ်ငန်းနှင့် နှိုင်းစာပါက များစွာမှ နည်းပါးလှသည်ဖြစ်ရာ မသင်္ကာဖွယ်ရာ ငွေလွှဲ ပြောင်းမှုများကို ချက်ချင်းဖော်ထုတ် သိရှိနိုင်သည်။ စီးပွားရေး လုပ်ငန်း၏ ဘဏ်စာရင်းသည် နေ့စဉ်ငွေလွှဲပြောင်းမှု ရာဂဏန်း၊ ထောင်ဂဏန်းမျှ ရှိသည်ဖြစ်ရာ မသမာသော ငွေလွှဲ ပြောင်းမှုများကို ချက်ချင်း မသိနိုင်ပေ။

ဘဏ်ငွေစာရင်းလုံခြုံရေး ကျွမ်းကျင် သူ အေဗီဗာလစ်တန်-ဗလငလေူ့ငအညေ က ”တစ်ဦးချင်းရဲ့ ငွေစာရင်းတွေ ကို ကာကွယ်ဖို့ ဘဏ်တွေဟာ ငွေ ကို ပုံအောပြီးသုံးတယ်။ တစ်ဦးချင်း ငွေစာရင်းထဲကနေဆုံးရှုံးသွားခဲ့ရင် ဘဏ်က လျော်ရတာကိုး။ လုပ်ငန်း ငွေစာရင်းရဲ့ ဆုံးရှုံးမှုကိုကျတော့ လျော် စရာမလိုဘူး။ ဒီတော့ လုပ်ငန်းငွေ စာရင်းအတွက် အကာအကွယ်ကို ဘဏ်တချို့က ပဲလုပ်ကြတယ်။ ငွေ ကုန်မခံတော့ဘူးပေါ့”ဟု ပြောသည်။

ဟက်ကာများ၏ ထိုးဖောက်ဝင် ရောက်ပုံစနစ်မှာ အကာအကွယ် နည်းပါးသော စီးပွားရေး လုပ်ငန်းငယ်များ၏ ငွေကိုင်များ၊ ဘဏ္ဍာစိုးများထံသို့ ဗိုင်းရပ်စ်သတိပေး သတင်းစကားကို အီးမေးလ်ပေးပို့ကာ စတင်သည်။ အဆိုပါ အီးမေးလ်တွင် MSN ၏ အများသုံး အချက်အလက် ရှာဖွေစုဆောင်းရေး ပရိုဂရမ် တစ်ခုဖြစ်သော Sniffer ကို ပူးတွဲပေးပို့ လိုက်ခြင်းဖြင့် လုပ်ငန်း၏ ဗဟိုကွန်ပျူတာထဲမှ အချက်အလက်များကို ရယူသည်။ ပြီးလျှင် ပစ်မှတ်ကွန်ပျူတာထဲ ဝင်ခိုနေသော Sniffer က ပြန်လည်ပေးပို့လာသည့် အချက်အလက်များဖြင့် ကွန်ပျူတာကို ထိန်းချုပ်လိုက်ကာ သူတို့၏ ပင်လယ်ရပ်ခြားရှိ ငွေစာရင်းသို့ ငွေလွှဲပို့ရန် ကွန်ပျူတာကို စေခိုင်းတော့သည်။

နောက်တစ်နည်းမှာ အမေရိကန်ရှိ တစ်ဦးဦးကို သူတို့ပစ်မှတ်ထားသည့် ဘဏ်တွင် စာရင်းဖွင့်ခိုင်း လိုက်သည်။ ယင်းသို့ စာရင်းဖွင့်လိုက်သည့် အတွက် ငွေစာရင်းရှင်က ဘဏ်၏ ကွန်ပျူတာထဲရှိ မိမိ၏ ငွေစာရင်းသို့ ဝင်ရောက်နိုင်ရန် စကားဝှက်ကို ရလာသည်။ ထိုစကားဝှက်ကို အသုံးပြုကာ ကွန်ပျူတာအတွင်း ဝင်ရောက်သည်။ ထိုမှတစ်ဆင့် အခြားငွေစာရင်းများ၏ စကားဝှက်များကို ရယူသည်။ ယင်းစကားဝှက်များဖြင့် ငွေစာရင်းများကို ဖွင့်ကာ ပင်လယ်ရပ်ခြားသို့ ငွေလွှဲပို့ စေတော့သည်။

အမေရိကန်တွင် စာရင်းဖွင့်ပေး သူများအနက် အချို့ကလည်း ရိုးရိုးသားသား မှတ်ထင်ကာ ဆောင်ရွက်ပေးသည်။ အချို့ကလည်း မရိုးမသား လုပ်နေသည်ကို သိလျက်နှင့် ငွေမျက်နှာကြောင့် လုပ်ပေးကြသည်။ အများစုမှာ အလုပ်လက်မဲ့၊ အခြေအနေမဲ့များ ဖြစ်ကြသည်။

အင်တာနက်ပေါ်တွင် တွေ့ရသော အလုပ်အကိုင် ကြော်ငြာကို လျှောက်ထားမိသဖြင့် ဟက်ကာများကို အကူအညီ ပေးမိကြသည်။

စစ်ဘက်ဆိုင်ရာ ကွန်ပျူတာများ သာမက အရပ်ဘက် စီးပွားရေးအဖွဲ့ အစည်းများသည် ထိုးဖောက်ဝင် ရောက်မှုကို ခံနေရသည်။ အမေရိကန် မဟာ ဓာတ်အားလိုင်း ကွန်ရက်အတွင်း ထွင်းဖောက်ဝင်ရောက်ပြီး ကွန်ပျူတာ ဗိုင်းရပ်စ်များ ချန်ထားရစ်သည်ကိုလည်း ကြုံခဲ့ရသည်။

ကြီးမားသော ဆိုင်ဘာတိုက်ခိုက်မှု အန္တရာယ်ကို ကာကွယ်ရန် စစ်တပ် တစ်ခုတည်းနှင့် မလုံလောက်နိုင်ဟု ဆိုကြသည်။ ထို့ကြောင့် ဧရာမ စီးပွားရေး အဖွဲ့အစည်းများသည် ကာကွယ်ရေးအတွက် ငွေကုန်ကြေးကျ ခံကာ ဆောင်ရွက်နေကြသည်။

ပုဂ္ဂလိကပိုင်းက အစိုးရ၏ စွမ်းဆောင်နိုင်မှုကို သံသယ ရှိသည့်အပြင် အစိုးရ တစ်ဦးတည်းသာ ဆိုင်ဘာ ကာကွယ်ရေးကို တာဝန်ယူရမည် ဆိုပါက အစိုးရပီပီ မည်သို့လုပ်ရမည်။ မည်သို့ကိုင်ရမည်ဟု စည်းကမ်းသတ် မှတ်ချက်များ ချမှတ်ပြန်လျှင်လည်း တီထွင်ဖန်တီးနိုင်မှုအား အဟန့်အတား ဖြစ်လာမည်ကို စိုးရိမ်လျက် ရှိသည်။

အမျိုးသား ထောက်လှမ်းရေး ဌာန၏ ညွှန်ကြားရေးမှူး အဖြစ် ဆောင်ရွက်ခဲ့သူ မိုက်မက်ကောနယ်- Mike McConnell လွှတ်တော်အမတ်များ ဖြစ်ကြသည့် အိုလံပီယာစနိုး-Oly-mpia Snowe နှင့် ဂျိုးဇက်လီဘာမင်- Joseph Lieberman တို့က အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ကို အဆိုပြု ထားကြသည်။ ထိုအစီအစဉ်အရ အစိုးရသည် စိုးရိမ်ဖွယ် အခြေအနေ ပေါ်ပေါက်လာပါက ပုဂ္ဂလိကပိုင်းကို တပ်လှန့်သတိပေးရန် ဖြစ်သည်။ လုံခြုံရေး အစီအမံကိုမူ ပုဂ္ဂလိကပိုင်းက သီးခြားအစီအစဉ်ဖြင့် မိမိဘာသာ ဆောင်ရွက်ကြရန် ဖြစ်သည်။

ထိုအစီအစဉ်သည် လွယ်ကူသယောင် ရှိသော်လည်း လက်တွေ့ အကောင်အထည် ဖော်ရန် အတော်ပင် အချိန်ယူရမည်ဟု ဆိုသည်။ အစိုးရနှင့် ပုဂ္ဂလိကပိုင်း အပြန်အလှန် သတင်း ဖလှယ်သော စနစ်သည် ယခုထက်ထိ မရှိသေး၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရလည်း တရားမဝင်ဟု ဆိုသည်။ အစိုးရ အေဂျင်စီ အချင်းချင်း သတင်း ဖလှယ်သော စနစ်ပင် တိတိကျကျမရှိ သေးပေ။ ထို့ကြောင့် လုံခြုံသော သတင်းဖလှယ်မှု အစီအမံတစ်ခု စတင်အကောင်အထည် ဖော်ရန် လိုအပ်နေသေးသည်။

ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အစိုးရက စတင် ဦးဆောင်ဦးရွက် လုပ်ရန် လိုအပ်နေသည်။ အာဏာပိုင်အဖွဲ့အစည်းတစ်ခုက အပေါ်မှ စောင့်ကြည့်လျက် အရာရာကို ကြီးကြပ်ပေးပြီး၊ အရေးပေါ်လာပါက တစ်ပြေးညီ တုံ့ပြန်ဆောင် ရွက်ခြင်းသာလျှင် အကောင်းဆုံး အနေအထား ဖြစ်နေသည်ကို တွေ့ရ သည်။

မကြာသေးမီက ပေါ်လာသည့် Stuxnet ကွန်ပြူတာ ဗိုင်းရပ်စ် သည် ပထမဆုံး ပဲ့ထိန်းဆိုင်ဘာ ဗိုင်းရပ်စ် ဒုံးကျည်-First-of-its-kind guided cyber missile ဟု တင်စားသတ်မှတ် ထားသည်။ ထိုဗိုင်းရပ်စ်သည် အီရန် ညူစက်ရုံအတွင်း ဝင်ရောက်မွှေ နှောက်ကာ ညူအစီအစဉ်ကို နှောင့်နှေးစေခဲ့သည်။

လော့ခ်ဟိမာတင် ကော်ပိုရေးရှင်း၊ ဘိုးအင်း၊ ဂရူးမင်း၊ ဘီအေအီးနှင့် ရေသီယွန် ကုမ္ပဏီတို့က ကမ္ဘာအနှံ့သို့ ရောင်းချနေသော ဆိုင်ဘာနှင့် သက်ဆိုင်သော စစ်သုံးပစ္စည်းများ၏ တန်ဖိုးမှာ ဘီလီယံ ၈ဝ မှ ၁၄ဝ အထိ ရှိမည်ဟု ခန့်မှန်းကြသည်။

သူသူငါငါ လက်ထဲတွင် ဆိုင်ဘာလက်နက်များ ရောက်ရှိကုန်သဖြင့် အမေရိကန် အစိုးရပိုင်းတွင် စိုးရိမ်မကင်းမှုများ ဖြစ်ပေါ်နေသည်။ ပင်တာဂွန်၏ ခံစစ်အဝန်း အဝိုင်းက ကျူးကျော်ဝင်ရောက်လာမှု မှန်သမျှ စောင့်ကြည့်စစ်ဆေးခြင်း၊ တွန်းလှန်ခြင်းတို့ လုပ်ပေးသည်။ သို့သော် ဆိုင်ဘာတိုက်ခိုက်မှုများကို ခုခံတွန်းလှန် ရာတွင် ပြီးပြည့်စုံ စိတ်ချရသော စနစ်ဟူ၍ ရှိသေးပေ။ သော့ဝိဇ္ဇာနှင့် သော့ခလောက် လုပ်သူအကြား ပညာပြိုင်ပွဲကဲ့သို့ ဖြစ်နေသည်။ မည်သည့်အခါတွင်မှ မပြီးဆုံးနိုင်သည့် ပညာပြိုင်ပွဲ ဖြစ်နေသည်။ ဘတစ်ပြန် ကျားတစ် ပြန်ဖြစ်နေသည်။

ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ ဌာနပေါင်း တစ်သောင်းငါးထောင်ကို သာမက ပုဂ္ဂလိက ကုမ္ပဏီ များကို ပင်တာဂွန်က ယာယီအစီ အစဉ်ဖြင့် တာဝန်ယူ စောင့်ရှောက်နေရသဖြင့် ဝန်ထုပ်ဝန်ပိုး ကြီးမားနေသည်။

ဆိုင်ဘာလုံခြုံရေးကို မူလက တာဝန်ယူခဲ့သည့် နိုင်ငံတော် လုံခြုံရေးဌာန၏ လုပ်ဆောင်မှုများမှာ ဆိုင်ဘာထိုး ဖောက်မှုများကို ခုခံရာတွင် ပျော့လွန်းသည်ဟု ယူဆသဖြင့် ဆိုင်ဘာလုံခြုံ ရေးစစ်ဌာနချုပ်ကို သီးသန့်တည် ထောင်ခဲ့ခြင်း ဖြစ်သည်။ ၂ဝဝ၉ ခုနှစ် ဇွန်လက တည်ထောင်လိုက်သော အမေရိကန် ဆိုင်ဘာလုံခြုံရေးစစ်ဌာနချုပ်၏ တပ်မှူးကြီးဖြစ်သူ ဗိုလ်ချုပ် ကြီးကိတ် အယ်လက်ဇန်းဒါး-Keith Alexander က”ကျွန်တော်တို့ ဖော်ဆောင်ထားတဲ့ လုံခြုံမှု အစီအမံကို အားလုံးက ကျေကျေနပ်နပ် လက်ခံအောင် လုပ်ရတာ အခက်ဆုံးပဲ” ဟု ပြောသည်။ ဆိုင်ဘာလုံခြုံရေး ဌာနသည် အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန မဟာဗျူဟာ စီမံကိန်း၏ လက်အောက်ခံ စစ်ဌာနချုပ် တစ်ခုဖြစ် လာမည်ဖြစ်သည်။

သူသည် အမျိုးသား လုံခြုံရေး အေဂျင်စီ၏ အကြီးအကဲလည်း ဖြစ်သည်။ ထိုအေဂျင်စီက နိုင်ငံထိပ်တန်း လျှို့ဝှက်ချက်များ မပေါက်ကြားစေရန် လည်းကောင်း၊ တစ်နိုင်ငံလုံး၏ ဆက်သွယ်ရေး ကွန်ရက်ကို မထိပါးစေ ရန်လည်းကောင်း၊ ကာကွယ်ရသည့်အပြင် နိုင်ငံရပ်ခြား ဆက်သွယ်မှုများကိုလည်း ကြားဖြတ် နားထောင်ရသည်။

သမ္မတ အိုဘားမားက ကွန်ရက် ဆိုင်ရာ အိမ်ဖြူတော် အကြံပေး အရာ ရှိအဖြစ် Howard Schmidt ကို ခန့်ထားလိုက်သည်။ ရှမစ်သည် မိုက်က္ကရို ဆော့ဖ်ကုမ္ပဏီ၏ လုံခြုံရေးဆိုင်ရာ အကြီးအကဲ ဖြစ်ခဲ့သည့်အပြင် သမ္မတ ဘုရှ်လက်ထက်တွင်လည်း တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

အမေရိကန်၏ နည်းပညာ အချက်အလက်များသည် တစ်နေ့တခြား တိုးတက်များပြား လာနေသဖြင့် ထိုအချက်အလက်များကို ရန်သူ့လက် ပါမသွားစေရန် ထိန်းသိမ်းရသည့် အလုပ်မှာ ခက်ခဲလှသည်။ ပင်တာဂွန် က ထိုအချက်အလက်များကို တစ်စုတဝေးတည်း ထိန်းသိမ်းထားလျှင် ထိုးဖောက်လာမည့် သူများအတွက် ပစ်မှတ်ကို ရွေးချယ်တိုက်ခိုက်ရာတွင် ပိုမိုလွယ်ကူ သွားစေမည်ဟု စောဒက တက်လာသည် များလည်း ရှိသည်။

ကာကွယ်ရေး ဝန်ကြီးဌာန၏ ကန်ထရိုက် ကုမ္ပဏီများသည် တစ်နိုင်ငံလုံးတွင် သာမက ကမ္ဘာအနှံ့ ဖြန့်ကျက်လုပ်ကိုင် နေကြသည်ဖြစ်ရာ ထိုမျှများပြား ကျယ်ပြန့်လှသော ဆက်သွယ်ရေး ကွန်ရက်များကို အင်တာနက်ပေါ်မှ ဖယ်ထုတ်ကာ တစ်သီးတခြား ကွန်ရက်တည်ထောင်မည် ဆိုလျှင် ငွေကုန်ကြေးကျ အဆမတန် များပြားမည် ဖြစ်သည်။

ကွန်ရက် တစ်ခုတည်းအတွင်း အားလုံးတစ်စု တဝေးတည်း ရှိနေသဖြင့် လျှို့ဝှက်ချက်ကို ဝင်နှိုက်လိုသူ၊ နှောက်ယှက်ဖျက်ဆီး လိုသူတို့ အဖို့လည်း ပိုမိုလွယ်ကူ စေမည်ဟု ဆိုသူက ဆိုသည်။ မထိုးဖောက်နိုင်သော ကွန်ရက်ဟူ၍ မရှိသေးသည်ကား အမှန်ပင်။ နည်းပညာသည် မယုံကြည် နိုင်လောက်အောင် တိုးတက် ပြန့်ပွား နေသည်ဖြစ်ရာ ယနေ့ မထိုးဖောက် နိုင်သော်လည်း မနက်ဖြန်တွင် ဖောက်ဝင်မလာနိုင်ဟု မည်သူမျှ မပြောနိုင်။

ကန်ထရိုက် ကုမ္ပဏီများ၏ ကွန်ရက်များသည် တစ်သီးတခြား ရှိနေကြမည်ဆိုလျှင် မည်သည့်အမှတ် အသားဖြင့် ရှိနေသည်ကို သိရန်မလွယ်ကူ။ ပထမဆုံး ရှိနေသည့် အရပ်နှင့် အမှတ်အသားကို သိဖို့ ကြိုးစားရဦးမည် ဖြစ်သည်။ ထို့ကြောင့် လုံခြုံသည်ဟုလည်း မဆိုနိုင်ပေ။ ကာကွယ်ရေး ကန်ထရိုက် ကုမ္ပဏီ တစ်ခုဖြစ်သည့် ဟန်းနီးဝဲလ်မှ ဒုတိယ ဥက္ကဋ္ဌတစ်ဦး ဖြစ်သူ ဒန်ရှက်ဖလင်း – Dan Sheflin က”ပုဂ္ဂလိက ကွန်ရက်ဟာ ပြင်ပက ထိုးဖောက်မှုအတွက် လုံခြုံတယ် ဆိုပေမယ့် ကုမ္ပဏီဝန်ထမ်း တစ်ယောက်ယောက်က ဖောက်ရင် ကျိုးပေါက်တာပဲ။

ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ရန်သူတွေဟာ ငွေကိုပုံအောပြီး ရက်ရက်ရောရော သုံးနိုင်တယ်။ လူအမြောက် အမြားကို ငှားပြီး ကျွန်တော်တို့ ကွန်ရက်ထဲကို ထိုးဖောက်ဖို့ စက္ကန့်မလပ် ကြိုးစားနေကြတဲ့ သူတွေပဲ”ဟု ပြောသည်။

သံကွန်ခြာ အထပ်ထပ် ဝိုင်းရံထား သကဲ့သို့ အကာအကွယ် ပေးထားလျှင် နည်းပညာ တိုးတက်မှုများကို အဟန့်အတား ဖြစ်စေမည်ဟု ဆိုသူတွေလည်း ရှိနေသည်။ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရာတွင် သုံးစွဲသူနှင့် ဓာတ်အားပေး စက်ရုံအကြား ကွန်ရက်ဖြင့် ဆက်သွယ်ရန် နည်းစနစ်ကို ယခုအခါ စမ်းသပ်နေသည်။ လျှပ်စစ်အား အများအပြား သုံးစွဲမှုကြောင့် ဓာတ်အား ပြတ်တောက်မှု မရှိစေရန် ဓာတ်အားပေး စက်ရုံက အိမ်သုံးလျှပ် စစ်ပစ္စည်းများကို လှမ်း၍ ထိန်းချုပ်နိုင်သော စနစ်ဖြစ်သည်။ လျှပ်စစ်ဓာတ်အား အသုံးမြင့်တက်လာပြီး ဝန်ကို မနိုင်မနင်း ဖြစ်လာသောအခါ ဓာတ်အားရုံက နေအိမ်အသီးသီးရှိ လေအေးစက် စသည် ကိရိယာများကို အသုံးလျှော့ချပေးသော စနစ်ဖြစ်သည်။ ထိုစနစ်အရ နေအိမ်အသီးသီးနှင့် ဓာတ်အားစက်ရုံတို့ ချိတ်ဆက် ထားရမည်ဖြစ်ရာ ဓာတ်အားလိုင်းကွန် ရက်သည် လုံခြုံမှု မရှိနိုင်တော့ပေ။ ထို့ကြောင့် လုံခြုံရေးတင်းကြပ်လွန်း လျှင်တီထွင်မှုကို အဟန့်အတား ဖြစ်စေသည်ဟု ဆိုခြင်းဖြစ်သည်။

ရှက်ဖလင်းက ”ကွန်ရက် လုံ ခြုံဖို့ဆိုတဲ့တာဝန်က ကြီးမားကျယ် ပြန့်လွန်းတော့ ပုဂ္ဂလိက ကုမ္ပဏီ တွေက သူတို့ဘာသာ တာဝန်ယူဖို့ ဆိုတာမဖြစ်နိုင်ဘူး။ အစိုးရက တစ်နည်းမဟုတ် တစ်နည်းတော့ ပါရမှာ ပဲ”ဟု ဆိုသည်။

ကြီးမားလွန်းသော ဤတာဝန် အတွက် ပင်တာဂွန်မှ ပေါ်လစီချမှတ် သူများကို ခေါင်းခဲရသည်။ မည်သည့် လုပ်ငန်းများကို အကာအကွယ်ပေး မည်နည်း။ မည်သို့ကာကွယ် မည်နည်း။ ထိုးဖောက်ဝင်ရောက်မှုများကို မည်သို့ တုံ့ပြန်မည်နည်း။ မည်သူက ကြီးကြပ်ကွပ်ကဲမည်နည်း။ တီထွင်မှု ကို မထိခိုက်စေရန် မည်သို့ဆောင် ရွက်မည်နည်း စသည့် မေးခွန်းများ အတွက် တိကျရေရာသော အဖြေမရှိ သေးပေ။

အရံအတားတစ်ခုမှာ ၁၈၇၈ ခုနှစ်က ပြဋ္ဌာန်းခဲ့သော-Posse Comitatus Act ဥပဒေဖြစ်သည်။ စစ်ဘက်က အမေရိကန် ပြည်တွင်းလုံခြုံရေးကို တာဝန်မယူရဟု ထိုဥပဒေက တားမြစ်ထားသည်။ ရပ်ရွာအေးချမ်းရေးအတွက် စစ်ဘက်က တာဝန်ယူရ မည်ဆိုပါက ကွန်ဂရက်၏ ခွင့်ပြုမိန့် လက်မှတ်လိုအပ်ပေသည်။

နိုင်ငံတော် လုံခြုံရေးဌာန Department of Homeland Security အက်ဖ်ဘီအိုင်နှင့် စစ်ဘက်တို့ ပါဝင်သည့် ဆိုင်ဘာ လုံခြုံရေး တပ်ပေါင်းစု အနေဖြင့် ကွန်ဂရက်က ခွင့်ပြုပေးရေး အတွက်တင်ပြရန် အိမ်ဖြူတော်က စဉ်းစားနေသည်။

နိုင်ငံတော် လုံခြုံရေး ဌာနနှင့် ဆိုင်ဘာလုံခြုံရေး ဌာနချုပ်တို့အကြား တင်းမာမှု ကလေးများလည်း ထုံးစံအတိုင်း ရှိနေသည်။ ဇူလိုင်လတွင် ကွန်ပျူတာစနစ် ထိုးဖောက်သူများ နှစ်ပတ်လည် ညီလာခွှံ့The Annual Black Hat Computer Hackers’ Conference  ကို လားစ်ဗေးဂတ်မြို့၌ ကျင်းပခဲ့သည်။ ထိုညီလာခံတွင် နိုင်ငံတော် လုံခြုံရေးဌာန၏ ဒုတိယဝန်ကြီး ဂျိမ်းလု-Jane lute က”ဆိုင်ဘာလုံ ခြုံရေးကို စဉ်းစားရာမယ် စိတ်ကူးယဉ်တာတွေ၊ စိတ်ရူးပေါက်တာတွေကို ဖယ်ပစ်ရမယ် ဆိုင်ဘာကို စစ်မြေပြင်လို့ မစဉ်းစားရင် သူ့နေရာ ကိုယ့်နေရာ လုတာတွေ ရှိမှာမဟုတ်ဘူး။ တစ်ဦးပေါ်တစ်ဦး ယုံယုံကြည်ကြည်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့က အဓိက ပဲ”ဟုပြောသည်။

၂ဝ၁ဝ ခုနှစ်အောက်တိုဘာ လဆန်းတွင် ဆိုင်ဘာစစ်ရေး လေ့ကျင့်မှု- Cyber Storm III ကို နိုင်ငံပေါင်း ၁၂ နိုင်ငံနှင့် ပုဂ္ဂလိက စက်မှု လုပ်ငန်းများ ပါဝင်လျက် ပြုလုပ်ခဲ့သည်။ ထိုလေ့ကျင့်မှု မတိုင်မီ ပြုလုပ်သော ညှိနှိုင်းအစည်း အဝေးများတွင် နိုင်ငံတော် လုံခြုံရေး ဌာနနှင့် တပ်မတော် ဆိုင်ဘာစစ်ဆင်ရေးဌာနတို့ အကြား သဘောကွဲလွဲမှုအများအပြား ရှိခဲ့သည်။ တစ်ဦးကဦးစားပေးလို သော ကိစ္စကို အခြားတစ်ဦး ကပယ် ချခဲ့ခြင်းမျိုးဖြစ်သည်။

ဆိုင်ဘာစစ်ဆင်ရေးကို လုံခြုံရေး စနစ်ကို တည်ဆောင်နေကြသည့် အချိန်တွင် ဆိုင်ဘာစစ်ပွဲဆိုင်ရာ ဂျီနီဗာ သဘောတူညီချက် တစ်ရပ် ဖြစ်ပေါ် လာရန် မည်သို့ အကောင်အထည် ဖော်ရမည်ကို အပြည်ပြည်ဆိုင်ရာ ဥပဒေ ပညာရှင်ပိုင်းက စဉ်းစားလျက် ရှိသည်။

သို့သော်ဆိုင်ဘာစစ်ပွဲ အခြေအနေများကို အတိအကျ အဓိပ္ပာယ် ဖော်ရန်သတ်မှတ်ရန် ခက်ခဲနေသည်။ သမားရိုးကျ စစ်ပွဲများတွင် တိုက်ခိုက်နေကြသည့် နှစ်ဦးနှစ်ဘက်၊ ထိခိုက် ဒဏ်ရာရသူ၊ ကျဆုံးသူ၊ စစ်သုံ့ပန်း ဟူ၍ မြင်သာထင်သာ ရှိသော်လည်း ထိုအရာများသည် ဆိုင်ဘာစစ်ပွဲတွင် တိတိကျကျမရှိတော့။ မည်သူ့ဆီက မည်သူ့ကို ပစ်မှတ်ထားမှန်း မသိသော ဆိုင်ဘာလက်နက်ကြောင့် အတိဒုက္ခ ရောက်ကြရသည်။ ပစ်ခတ်သူဟု စွပ်စွဲရန် ခက်ခဲသော အနေအထားတွင် ရှိသည်။ ဆိုင်ဘာလက်နက်ကြောင့် ပစ်မှတ်ကို သာမက အခြားလူများ၊ နိုင်ငံများကို ထိခိုက်စေနိုင်သောကြောင့် ရန်သူမိတ်ဆွေခွဲခြားရန် ခက် ခဲသည်။ မည်သည့်နေရာက လာမှန်း မသိသော ဆိုင်ဘာလက်နက်ကြောင့် ပျက်စီးရသည်မှာ ပစ်မှတ်နိုင်ငံ သာမက အခြားနိုင်ငံများကိုလည်း ထိခိုက်စေနိုင်သည်။ ဆိုင်ဘာလက်နက်ကြောင့် မီးပျက်ရေပျက် အလုပ်အကိုင် ပျက်ဖြစ်ရသူများမှာ ကမ္ဘာအနှံ့တွင် ရှိနေနိုင်သည်။ ထိုသူအားလုံးကို ဆိုင်ဘာဒုက္ခသည်များဟု သတ်မှတ်ရမည်လော။ ထိုမေးခွန်း အတွက် လောလောဆယ် အဖြေမရှိ သေးချေ။

လွန်ခဲ့သော လများအတွင်း Stuxnet ဆိုင်ဘာလက်နက်ကြောင့် အီရန်၏ ညူစီမံကိန်းကို နှောင့်နှေး စေခဲ့သည်။ သို့သော် ထိုလက်နက် သည် အီရန်ကို အမှန်တကယ်ရည် ရွယ်ပစ်လွှတ်ခဲ့ခြင်း ဟုတ်ပါ၏လော ဟူသောအမေးများ ပေါ်ထွက်ခဲ့သည်။ Stuxnet ၏ ရှုပ်ထွေးနက်နဲမှု၊ ထိုဆိုင်ဘာလက်နက်ကို ဖန်တီးနိုင်စွမ်း တို့ကို ချင့်တွက်မည်ဆိုပါက ယင်းလက်နက်ကို ဖန်တီးခဲ့သူမှာ လူတစ်ဦး သော်လည်းကောင်း၊ အုပ်စုတစ်စု သော်လည်းကောင်းမဖြစ်နိုင်ဘဲ နိုင်ငံ တစ်နိုင်ငံ ဖြစ်ရမည်ဟု ကျွမ်းကျင်သူများက ဆိုသည်။ အများအပြားက အမေရိကန်သော်လည်းကောင်း၊ အစ္စရေးသော်လည်းကောင်း ဖြစ်ရမည်ဟု ခန့်မှန်းကြသည်။

Stuxnet သည် အီရန်ကို အမှန်တကယ် ပစ်မှတ်ထားခဲ့ခြင်း ဆိုသည်မှာ မှန်းဆချက်မျှသာ ဖြစ်သည်။ မည်သူမျှ လက်ဆုပ်လက်ကိုင် မပြနိုင်ခဲ့။ လက်သည်တရားခံသည် အမေရိကန် နှင့် အစ္စရေး မဟုတ်ဘဲ အခြား တစ်ဦးဦးလည်း ဖြစ်နိုင်သည်ဟု ကောက် ချက်ချကြသည်။ ဆိုင်ဘာလက်နက် ဟူသည် အမေရိကန်တွင် ထုတ်လုပ်သည် ဟုလည်းကောင်း၊ အစ္စရေးတွင် လုပ်သည်ဟုလည်းကောင်း တံဆိပ် တပ်မထားပေ။ ကာယကံရှင်ကလည်း လေးပစ်သူကား ဘုရာ့ကျွန်တော်ဟု ဝန်ခံကြမည်မဟုတ်။ မည်သူ့အားရည် ညွှန်းပါသည်ဟု လိပ်စာလည်း မပါပေ။

Stuxnet သည် အီရန်အပေါ် သက်ရောက်မှု ပြင်းထန်ခဲ့သော်လည်း၊ အခြားထိခိုက် ခံရသော နိုင်ငံများလည်း ရှိခဲ့သည်။ အခြားနိုင်ငံ တစ်နိုင်ငံကို ပစ်မှတ်ထား လွှတ်တင်ခဲ့ခြင်းလည်း ဖြစ်နိုင်သည်။ အီရန်သည် ကံဆိုးသူ မောင်ရှင်ဖြစ်သွားခြင်းမျိုးလည်းဖြစ် နိုင်သည်။

ဆိုင်ဘာစစ်ပွဲတွင် ပါဝင်တိုက် ခိုက်နေသူများကို တိတိကျကျ မသတ်မှတ် နိုင်ပါဘဲ ဂျီနီဗာကွန်ဗင်းရှင်း တစ်ရပ်ကို ရေးဆွဲရန် ဆိုသည်မှာ ယခုအချိန်တွင် စိတ်ကူးယဉ် အိပ်မက်တစ်ခု မျှသာ ဖြစ်တော့သည်။

Ref: Pentagon new cyber worriers.

  1. No comments yet.
  1. No trackbacks yet.

Leave a comment